နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, August 30, 2011

မြန်မာနိုင်ငံမှာ ဒီလိုဆိုနိုင်တဲ့လူတွေရှိတယ် ဆိုတာသိစေချင်တယ်...

Q. ဒေဝီတစ်ပါးရဲ့အမှတ်တရများက ဖြူဖြူမျှော်လင့်သလောက် ဖြစ်ခဲ့ရဲ့လား
A.ဖြူဖြူက ဒီအခွေကို ဒီဈေးကွက်အတွက် ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ ဖြူဖြူရဲ့ ရည်ရွယ်ချက်ကမြန်မာနိုင်ငံမှာ ဒီသီချင်းတွေကို ဒီလိုဆိုနိုင်တဲ့လူရှိတယ်ဆိုတာကို အပြင်ကလူတစ်ယောက်လောက်ကပဲနားထောင်ဖူး၊ ကြားဖူး၊ အသိအမှတ်ပြုတယ်ဆိုရင်ကို ဖြူဖြူရဲ့ ရည်ရွယ်ချက်က အထမြောက်သွားပြီ။ ဖြူဖြူလုပ်တာက ရောင်းရဖို့ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး။
Q. ဒါဆိုရင် လုပ်ဖြစ်ရတဲ့အကြောင်းအရင်းက
A. ဒါ ဖြူဖြူပထမခြေလှမ်းစတာပါ။ ပထမခြေလှမ်းဆိုတာမှာဖြူဖြူ့အတွက်ရယ်မဟုတ်ဘူး။ ဖြူဖြူရဲ့ ပထမခြေလှမ်းကိုကြည့်ပြီးဖြူဖြူ့ထက်တော်တဲ့၊ တတ်တဲ့မျိုးဆက်တွေပေါ်ထွက်လာစေချင်တာပါ။ “မ” တို့သိတဲ့အတိုင်းပဲ ကြယ်ကလေးများရဲ့ မိုးကောင်းကင်ဆိုတဲ့ TVအစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ကလေးတွေဆို ဖြူဖြူတို့သီချင်းတွေနဲ့ပြိုင်ကြတယ်။ ဖြူဖြူတို့ဒီအသက်အရွယ်မှာ သူတို့ ဒီလောက်ဖြစ်တယ်။ သူတို့ ဖြူဖြူတို့အသက်အရွယ်ရောက်တဲ့အခါနည်းမှန်လမ်းမှန်နဲ့သာကြိုးစားမယ်ဆိုရင် ဖြူဖြူတို့ထက်တော်မှာ သေချာတယ်လို့ ဖြူဖြူယုံကြည်တယ်။
Q. Star Let’s Sky မှာတောက်လျှောက် ဒိုင်လူကြီးအဖြစ်လုပ်လာတဲ့အတွက် ဖြူဖြူရတဲ့ အတွေ့အကြုံကရော
A. ဖြူဖြူ ဒီမှာဒိုင်လုပ်ဖြစ်တာကအစပိုင်းမှာ ဧည့်သည်အနေနဲ့တစ်ခါတလေပါတာမျိုးပဲရှိတယ်။ခုနောက်ပိုင်းပုံမှန်လုပ်ဖြစ်တယ်။ အံ့သြစရာကောင်းတာက ကလေးတွေရဲ့ Talent ပါ။ ကလေးတွေကပါရမီထူးခြားကြတယ်။ အရင်တုန်းကဆို မြန်မာကလေးတွေကကြောက်တတ်ကြတယ်။ အဲဒါမျိုးလုံးဝမတွေ့ရတော့ဘူး။ ခုကလေးတွေကအရမ်းကိုပြောင်းလဲသွားပြီ။သီချင်းဆိုတတ်တဲ့ပါရမီတင်မဟုတ်ဘဲ စိတ်နေစိတ်ထား၊အတွေးအခေါ်၊ ပြောဆိုဆက်ဆံတာတွေကအစ ပြောင်းလဲသွားပြီ။ အမြင်လည်းကျယ်ပြီး သတ္တိရှိတဲ့အပြင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကိုပါတွေ့လာရတယ်။ ဒါက နောင်လာမယ့်တစ်ခေတ်က အများကြီးပိုကောင်းမယ်ဆိုတဲ့ အလားအလာပါ။ အဲဒီလိုဖြစ်ဖို့အရမ်းလိုအပ်တယ်။ တစ်ခုပဲ ဖြူဖြူစိတ်ပူတာကကလေးတွေက အဘက်ဘက်ကအရမ်းတော်လာကြတာမှန်ပေမယ့်ပညာရေးမှာအားနည်းသွားမှာစိုးရိမ်တယ်။ မိဘတွေ၊ ဆရာသမားတွေအနေနဲ့ ဒါကို ဂရုစိုက်ပေးစေချင်တယ်။ ပထမအရွယ်ပညာရှာချိန်ဖြစ်တဲ့အတွက် အရင်ဆုံးပညာကိုတော့ အတိုင်းအတာတစ်ခုအထိဆုံးခန်းတိုင်အောင်သင်စေချင်တယ်။Talent ရှိပြီးသားဆိုတဲ့လူက ဘယ်အချိန်မှာပဲ ပြန်လုပ်လုပ်ပါ။
Q. ကလေးတွေ ပြိုင်ကြတာ ဖြူဖြူ့သူချင်းများတဲ့အပေါ်ရော …
A. ဖြူဖြူ့သီချင်းတွေနဲ့ပြိုင်ကြတယ်။ သူတို့ကိုကြီးလာရင် ဘာလုပ်မှာလဲမေးတဲ့အခါ ဆရာဝန်အဆိုတော်လို့ ဖြေကြတယ်။ အဲဒီအတွက် ဖြူဖြူပျော်ပါတယ်။ ပညာရေးဟာ အရေးပါတယ်။ ပညာတတ်ဖြစ်ဖို့လိုတယ်ဆိုတာ သူတို့ရင်ထဲမှာ စွဲစွဲမြဲမြဲလေးရှိနေတာကိုသိရတော့ ၀မ်းသာရတာပေါ့။ အဘက်ဘက်ကတော်မှ သူများတွေနဲ့ရင်ပေါင်တန်းနိုင်မှာ။ အဆိုပညာတစ်ခုတည်းတတ်ရုံနဲ့မပြီးသေးဘူး။ဉာဏ်ကောင်းဖို့လိုတယ်။ ပညာတတ်ဖို့လိုတယ်။ အဲဒါကမှ ကိုယ့်ဘ၀ကိုမြှင့်တင်သွားမှာ။ ပညာမြင့်မှလူမျိုးတင့်မယ်ဆိုတဲ့ စကားကတကယ်မှန်တယ်။ စာဖတ်တဲ့သူ၊ပညာတတ်တဲ့သူမှသာ အတွေးအခေါ်ကျယ်ပြန့်ပြီး လွတ်မြောက်တဲ့သူဖြစ်တာလေ။ ဘ၀မှာအမြင်ကျယ်ပြန့်တဲ့သူက အရာတော်တော်များများကို အလုပ်လုပ်လို့ရတယ်။ မြင့်မြင့်မားမားတွေးခေါ်ပြီး စဉ်းစားတတ်တဲ့ကလေးတွေ အများကြီးရှိလာစေချင်တယ်။ ကလေးတွေတော်မှလာမယ့်အနာဂတ်က ဖြူဖြူတို့ စိတ်ချလို့ရမှာလေ။
Q. ဖြူဖြူ့ရဲ့ အောင်မြင်တဲ့ သီချင်းတွေက အချစ်သီချင်းတွေ များတယ်နော် ၊ အချစ်ဝတ္ထုတွေရော ဖတ်လေ့ရှိသလား
A. ဖြူဖြူ အချစ်ဝတ္ထုတွေဖတ်ပါတယ်။ ဆရာမကြည်အေး၊ ဂျူး၊မြနှောင်းညို၊ ဂျာနယ်ကျော်မမလေးခင်နှင်းယုတို့ရဲ့ ၀တ္ထုမျိုးတွေတော့ဖတ်တယ်။ ဒါပေမဲ့ အပျင်းပြေအပျော်ဖတ်ဝတ္ထုတွေတော့ ဖြူဖြူမဖတ်ဘူး။ ဖတ်ပြီးဘာမှမကျန်တဲ့စာအုပ်မျိုးတော့ ဖြူဖြူမဖတ်ဘူး။
ှQ. စင်ပေါ်မှာ မှားသွားတဲ့ ကလေးနေရမှာ ဖြူဖြူဆိုရင်ဘာလုပ်မှာလဲ 
A. သူက အရင်တစ်ပွဲတုန်းကတော့ CD ထစ်တယ်ဆိုတဲ့အတွေ့အကြုံကို တကယ်ပဲတွေ့ကြုံခဲ့ဖူးတယ်။ အဲဒီအပေါ်မှာလည်း သူကောင်းကောင်း Manage လုပ်နိုင်ခဲ့တယ်။ ဒီ CD ထစ်သွားတဲ့အတွက် ပြန်ဖွင့်ပေးပါဆိုပြီး တောင်းဆိုတယ်။ အဲဒီအတွက်လည်း အဲဒီပွဲမှာတုန်းက သူဆုရခဲ့ပြီး အရွေးခံခဲ့ရတယ်။ ဒီ Level မှာကျတော့ သူရွေးလာတဲ့သီချင်းက တကယ်လည်းခက်ခဲတယ်။ အတိုင်းအတာတစ်ခုထိ ကောင်းမွန်စွာဆိုနိုင်ပါတယ်။တကယ်လို့သာ သူစိတ်မလှုပ်ရှားခဲ့ဘူးဆိုရင် ဒီ့ထက်ပိုပြီး ကောင်းအောင်ဆိုနိုင်မယ်လို့ ဖြူဖြူယုံကြည်တယ်။ သူ့မှာလိုအပ်နေသေးတဲ့အချက်က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးတာပါ။ ဒါကို အပြစ်မတင်ပါဘူး။ အသက်အရွယ်အတွေ့အကြုံဆိုတာ လူကိုပိုပြီး ရင့်ကျက်သွားစေပါတယ်။ ဒီအရွယ်မှာတော့ဒီလိုပဲဖြစ်ရှာမှာပဲ။ ကလေးတိုင်းကိုဖြစ်စေချင်တာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေချင်တာပါ။ ဒီကလေးကဆက်ပြီး ကြိုးစားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ကလေးပါ။ ဖြူဖြူသာဆိုရင်ဘာလုပ်မလဲဆိုတော့ သေချာတာက ဖြူဖြူသာဆို CD ထစ်မထစ်သိမှာပါ။

                                                                                 photo credit : Hak Ideal
                                                                                 ကလောင်- မေသက်
                                                                   Ref : 8 Days Journal

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More